Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Sunday, July 29, 2012

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း- ၈)

အခန်း (၁၀) 
နိုင်ငံရေး ပါတီများ

"မတရားသင်းဥပဒေမှာ တိုင်းပြည်မလွတ်မြောက်မီက ၁၉၀၆ ခုနှစ်က ကိုလိုနီ နယ်ချဲ့အင်္ဂလိပ်ကပြဋ္ဌာန်းခဲ့သည့် ဥပဒေ ဖြစ်ပါသည်။ လွတ်လပ်သည့် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာနှင့် လုံးဝ ဟပ်စပ်သည့် အရာမဟုတ်ပါ။ ကိုယ့်နိုင်ငံအနေဖြင့် ကိုယ့်ဥပဒေကို ပြည်ထောင်စုလွှတ်တော်က မတရားအသင်းဆိုင်ရာဥပဒေကို ပြဋ္ဌာန်းနိုင်ရပါမည်။ ၁၉၀၆ ခုနှစ် ကိုလိုနီဥပဒေကို လုံးဝ (လုံးဝ) ပယ်ဖျက်သင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် ..."

နိုင်ငံရေး ပါတီတရပ်ရပ်သည် ယခင်က ပါတီအဖြစ်မှ ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိလျှင်သော်လည်းကောင်း၊ မတရားသင်းအဖြစ် ကြေညာခြင်းခံခဲ့ရလျှင်သော်လည်းကောင်း တည်ဆဲဥပဒေများအရ မဆန့်ကျင်လျှင် ပါတီရပ် တည်ပိုင်ခွင့်ကို အခြေအနေ အချိန်အခါအလျှောက် ခွင့်ပြုသင့်ပါသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၆(က) တွင် “နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်း ပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ် ထွန်းကားရေးကို အစဉ်တစိုက် ဦးတည်သည်။” ဟု ပြဋ္ဌာန်းချက်အတိုင်း အကောင်အထည်ဖော် ရပါမည်။ ပြည်တွင်း စစ်ရပ်စဲရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် တိုင်းပြည်အေးချမ်း သာယာဖွံ့ဖြိုးတိုးတက်ရေးတို့သည် တဆက်တည်း တောက်လျောက် တန်းတန်းမတ်မတ် လုပ်ဆောင်ရမည့် လုပ်ငန်းများဖြစ်သည်နှင့်အညီ နိုင်ငံရေးပါတီ အားလုံးကို ပါတီစုံ ပါဝင်လာနိုင်ရေးအတွက် လမ်းဖွင့်ပေးရပါမည်။


Saturday, July 28, 2012

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း - ၇)

အခန်း (၉) 
ရွေးကောက်တင်မြှောက်ခြင်း 

လွှတ်တော်များသို့ ပြည်သူ့ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ခြင်း ခေါင်းစဉ်အောက်တွင် အခြေခံမူများပါ ပုဒ်မ ၁၄ တွင် “ပြည်ထောင်စု လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များတွင် လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ဤဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်သည့် ဦးရေအတိုင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားများပါဝင်သည်။” ဟု ဖော်ပြထားပါသည်။ သို့သော် ထိုတပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် စပ်ဆိုင်သည့် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ပုဒ်မ တစုံတရာ လုံးဝ မပါရှိသည်ကို ထူးခြားစွာ တွေ့မြင်ရပါသည်။

လွှတ်တော်ဆိုသည်မှာ ပြည်သူများဆန္ဒနှင့် ရွေးချယ်တင်မြှောက်ပေးလိုက်သည့် ပြည်သူ့ကိုယ်စားလှယ်များ အတွက်သာ ဖြစ်ရပါမည်။ ဒီမိုကရေစီ၏ အဓိပ္ပာယ်မှာ ပြည်သူ့အုပ်ချုပ်ရေး ဖြစ်ပါသည်။ ပြည်သူ့ကိုယ်စားလှယ်များဖြင့် အုပ်ချုပ်ခြင်းဖြစ်ပါသည်။ အမည်စာရင်းတင်သွင်း ခန့်အပ်ရုံမျှဖြင့် လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပိုင်ခွင့် မရှိပါ။


Thursday, July 5, 2012

ပြည်ရေးကို ပြိုင်တူချီကြဖို့ (စိုးနေလင်း)

“စစ်အာဏာရှင် အသိုင်းအဝိုင်းနဲ့ လက်ဝေခံ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အကျိုးစီးပွားတွေအတွက် ပြည်သူလူထု ပိုင်မြေယာတွေ၊ ဥယျာဉ်ခြံမြေတွေနဲ့ အိုးအိမ်တွေကို သိမ်းပိုက်ယူငင်တာ၊ မောင်းထုတ်ပြီး နယ်မြေပိုင်နက် ချဲ့ထွင် လုပ်ငန်းထူထောင်တာတွေ လုပ်လာတာက …” 

ဗိုလ်နေဝင်းရဲ့ မဆလ တပါတီ အာဏာရှင်စနစ်အောက်မှာ ကျနော်တို့မြန်မာနိုင်ငံရဲ့ ပထမဆုံး အလုပ်သမား အခွင့်အရေး တိုက်ပွဲလို့ခေါ်ရမယ့် အလုပ်သမား အုံကြွလှုပ်ရှားမှုကြီးဖြစ်ပွားခဲ့တာ ခု ဇွန်လ ၆ ရက်နေ့မှာဆိုရင် ၃၈ နှစ် တင်းတင်းပြည့်ခဲ့ပါပြီ။

အလုပ်သမား လယ်သမားခေတ်ရောက်ပြီလို့ ကြွေးကြော်ခဲ့တဲ့ အာဏာရှင် ဗိုလ်နေဝင်းက ဆင်းရဲမွန်းကြပ်မှုတွေထဲ နစ်မွန်းနေပြီး ရသင့်ရသင့်ထိုက်တဲ့ အလုပ်သမား အခွင့်အရေးတွေမရလို့ တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြတဲ့ အလုပ်သမားတွေကို ရက်ရက်စက်စက် အကြမ်းဖက်နှိမ်နှင်းခဲ့လို့ ရာနဲ့ချီတဲ့ အလုပ်သမားတွေ သေဆုံး ဒဏ်ရာရ၊ ရာနဲ့ချီတဲ့ တိုက်ပွဲဝင်အလုပ်သမားတွေ အကျဉ်းချခံခဲ့ ဘဝပျက်ခဲ့ကြရပါတယ်။

ကျနော်တို့ ဒီကနေ့အထိ မမေ့နိုင်ကြသေးပါဘူး။

၂၀၁၀ ခုနှစ် ဥရောပ နိုင်ငံတော်ကြွေးမြီကပ်ဆိုက်မှုမတိုင်ခင် များပြားတဲ့အခြေအနေတွေထဲမှာ ခြိုးခြံချွေတာရေး အစီအစဉ်ကို နိုင်ငံအတော်များများက ချမှတ်ခဲ့ကြပါတယ်။ အဲဒီနိုင်ငံတွေဟာ အများအားဖြင့် အရင်က အာဏာရှင် အစိုးရတွေ( ဥပမာ ပေါ်တူဂီ၊ ဂရိ၊ စပိန်) အုပ်စိုးခဲ့တဲ့နိုင်ငံတွေ ဖြစ်ကြပါတယ်။ နိုင်ငံရေးအတွေးအခေါ်ရှိသူ၊ သိမီသူတွေကတော့ နိုင်ငံသားတွေက သူတို့ကို ဖိနှိပ်ခဲ့ကြတဲ့ အစိုးရတွေတင်ရှိနေတဲ့ အကြွေးတွေကို ဆပ်ပေးကြရတဲ့အဖြစ်လို့ ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။


Tuesday, June 12, 2012

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း - ၆)

အခန်း(၇) 
တပ်မတော် 

၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင်လည်းကောင်း၊ ၁၉၇၄ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင်လည်းကောင်း တပ်မတော်ဟူ၍ အခန်း သီးသန့်ဖော်ပြခဲ့သည်ကို လုံးဝမတွေ့ရပါ။ ယခု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်မူ တပ်မတော်အခန်းကို သီးသန့်ပြဋ္ဌာန်းထားသည်သာမက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပါဝင်သည့် ပုဒ်မပေါင်း အမြောက်အမြားကိုပါ တခြားအခန်းများတွင် ပြဋ္ဌာန်းထားသည်ကိုလည်း တွေ့ရှိရပါသည်။

ကာကွယ်ရေးဦးစီးချုပ်ဆိုင်ရာ ပုဒ်မများကို တပ်မတော်အခန်းတွင်သာ ပြဋ္ဌာန်းသင့်ပါသည်။ ဥပဒေပါ အနှစ်သာရများကို ရောထွေးယှက်တင်မဖြစ်စေရန် အခန်းခွဲထားခြင်းမရှိဘဲ အခန်းတိုင်း ပါဝင်နေမှုမှာ တမိုးလုံးဖျောက်ဆိပ်ဆိုသလိုပင် စစ်အာဏာရှင်စနစ်၏ ဖော်ပြချက်များကို တွေ့မြင်နေရပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်မှာ စစ်တပ်လက်စွဲကျမ်း တစောင်ပမာ ဖြစ်နေပါသည်။ နိုင်ငံတကာ ဥပဒေပညာရှင်များက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တခွန်းတည်း ပြောပါသည် “အမှိုက်ပုံး” တဲ့ခင်ဗျာ။ ကောင်းကြသေးရဲ့လား။ နိုင်ငံတနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရှုမြင်သုံးသပ်၍ နိုင်ငံ့ဂုဏ်သိက္ခာကို ယုတ်လျော့သွားစေသည့်ပြဋ္ဌာန်းချက်မျိုး နောက်နောင်မျိုးဆက်များ လက်ထက်တွင် မပေါ်ပေါက်အောင် ယခု မျိုးဆက်တွင်ပင် ရှင်းထုတ်ပစ်ခဲ့ရန် လိုအပ်ပါသည်။


Tuesday, June 5, 2012

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း - ၅)

အခန်း (၆) 
တရားစီရင်ရေး 

 မြန်မာနိုင်ငံ တရားရုံးများ ဖွဲ့စည်းပုံအရ တရားရုံးအမျိုးအစား သုံးမျိုးကို တွေ့ရပါသည်။ ပုဒ်မ ၂၉၃ (က)တွင် “ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်များ၊ ပြည်နယ်တရား လွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားရုံးများ၊ ခရိုင်တရားရုံးများ၊ မြို့နယ်တရားရုံးများနှင့် ဥပဒေအရ တည်ထောင်ထားသော အခြားတရားရုံးများ။”

ပုဒ်မ ၂၉၃ (ခ)တွင် “စစ်ဘက်ဆိုင်ရာ တရားရုံးများ”။

ပုဒ်မ ၂၉၃(ဂ)တွင် “နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး” ဟူ၍ သုံးမျိုးသုံးစား တွေ့ရပါသည်။

 ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ တရားစီရင်ရေး အာဏာနှင့် ပတ်သက်၍ ပုဒ်မ ၂၉၄ တွင်” နိုင်ငံတော်တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တရပ်ထားရှိသည်။ စစ်ဘက်ဆိုင်ရာ တရားရုံးများနှင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၏ စီရင်ပိုင်ခွင့်အာဏာများကို မထိခိုက်စေဘဲ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံးဖြစ်သည်။” ဟု ပြဋ္ဌာန်းထားသည်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် နိုင်ငံ၏ အမြင့်ဆုံးတရားရုံးဖြစ်သော်လည်း စစ်ဘက်ဆိုင်ရာ တရားရုံးများနှင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတို့၏ စီရင်ပိုင်ခွင့်ကို ကျော်လွန်၍ မရပါ။ ယခင်ကတည်ရှိခဲ့သော တရားရုံးဖွဲ့စည်းပုံများနှင့် လုံးဝ ကွာခြားသွားသည်ကို တွေ့ရပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၏ စီရင်ပိုင်ခွင့်အာဏာနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ စီရင်ပိုင်ခွင့် အာဏာတို့ လုံးဝ ကွာခြားသွားပါသည်။


Saturday, May 26, 2012

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း - ၄)

အခန်း (၅) 

အုပ်ချုပ်ရေး
ပြည်ထောင်စု အစိုးရအဖွဲ့ 

ဤအခန်းတွင် ပုဒ်မ- ၁၉၉ မှ ပုဒ်မ -၂၉၂ အထိ ပါရှိသည်။ နအဖ ဥပဒေအမှတ် - ၁၅/၂၀၁၀ ဖြစ်သော ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ ကို ၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့ကပင် ပြဋ္ဌာန်းထားသည်။

၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အခန်း ၇၊ ပြည်ထောင်စု အစိုးရ၊ ပုဒ်မ - ၁၁၄ တွင် “ပြည်ထောင်စုနိုင်ငံ အစိုးရအဖွဲ့ကို ပုဒ်မ - ၅၆ အရ ခန့်ထားသော ဝန်ကြီးချုပ်နှင့် ဝန်ကြီးများဖြင့် ဖွဲ့စည်းရမည်။” ဟု ပါရှိသည်။ ပုဒ်မ - ၅၆(၁) တွင် “နိုင်ငံတော်သမ္မတသည် ပြည်သူ့လွှတ်တော်က အမည်တင်သွင်းသောပုဂ္ဂိုလ်အား ဝန်ကြီးချုပ်ခန့်ထားရမည်။ ထို ဝန်ကြီးချုပ်သည် ပြည်ထောင်စုအစိုးရအဖွဲ့၏ အကြီးအမှူးဖြစ်ရမည်။” ဟုလည်း ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရပါသည်။

ယခု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၉၉ (က) တွင် “နိုင်ငံတော်အုပ်ချုပ်ရေး အကြီးအကဲသည် နိုင်ငံတော် သမ္မတ ဖြစ်သည်။” ဟု ဖော်ပြပါရှိသည်။ သမ္မတ အုပ်ချုပ်ရေးစနစ်ဖြစ်ကြောင်း ပေါ်လွင်ပါသည်။ ပြည်ထောင်စု ဝန်ကြီးချုပ်ကို ဤ ၂၀၀၈ အခြေခံဥပဒေတွင် ဖော်ပြထားသည်ကို လုံးဝ မတွေ့ရှိရပါ။ ပုဒ်မ -၂၀၀ (ဂ) တွင် “ပြည်ထောင်စု ဝန်ကြီးများ” ဟုဖော်ပြထားသော ဝန်ကြီးများကို ကြီးကြပ်ကွပ်ကဲရန် ပြည်ထောင်စု ဝန်ကြီးချုပ်က မလိုအပ်တော့ပြီလော။ လက်တွေ့အကောင်အထည်ဖော်နေရသော ဝန်ကြီးဌာနအားလုံးကို သမ္မတနှင့် ဒုသမ္မတ နှစ်ဦးတည်းက အကွက်စိအောင် ကြီးကြပ်ကွပ်ကဲနိုင်ပါမည်လော။


Monday, May 21, 2012

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း - ၃)

အခန်း (၄) 
ဥပဒေပြုရေး
ပြည်ထောင်စု လွှတ်တော် 

လွှတ်တော် နှစ်ရပ်စနစ်ကိုကျင့်သုံးထားကြောင်း တွေ့ရပေသည်။ ပုဒ်မ ၇၄ အရ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ် ပြည်ထောင်စု လွှတ်တော်တွင်ပါဝင်ကြောင်း တွေ့ရသည်။ ၇၄ (က) နှင့် ၇၄ (ခ) တွင် ပုဒ်မ ၁၀၉ နှင့် ပုဒ်မ ၁၄၁ ပါ ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၁၆၆ ဦးရှိသည်ကို တွေ့ရသည်။ ဤသည်မှာ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို အထူးခြားဆုံး ဖွဲ့စည်းပုံ ဖြစ်သွားစေပါသည်။ ပြည်ထောင်စုလွှတ်တော်သည် ဥပဒေပြုအာဏာကို ကျင့်သုံးသည့် လွှတ်တော်ဖြစ်ပါသည်။ ဥပဒေပြုသူထဲတွင် တပ်မတော်သားများကို အမည်စာရင်းတင်သွင်း၍ ခန့်အပ်ထားခြင်းမှာ ဒီမိုကရေစီ ရွေးချယ်ရေးမူကို ဆန့်ကျင်ပြဋ္ဌာန်းထားခြင်းဖြစ်သည်။

နိုင်ငံတော်အခြေခံမူဖြစ်သည့် ပုဒ်မ ၂၁ (က) ပါ “နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ထားသည့် တန်းတူညီမျှမှု အခွင့်အရေး၊ လွတ်လပ်မှု အခွင့်အရေး၊ တရားမျှတမှု အခွင့်အရေးတို့ ခံစားခွင့်ရှိသည်။” ဟု ပြဋ္ဌာန်းထားချက်အရ နိုင်ငံသားတိုင်း ခံစားခွင့်ရှိသည့် အခွင့်အရေးများကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦးက လုယက်ယူထားသည်ကို ကွက်ကွက်ကွင်းကွင်း တွေ့ရှိရပါသည်။ အခြေခံမူနှင့် ဆန့်ကျင်သည့်ပုဒ်မတိုင်းကို ပယ်ဖျက်ပစ်ရပါမည်။ ထို့ပြင် နိုင်ငံသားများ၏ မူလအခွင့်အရေးကို ပြဋ္ဌာန်းထားသည့် ပုဒ်မ – ၃၄၇ ပါ “နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေး ရရှိစေရမည်။ ထို့ပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူ ညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်။” ဟုလည်း ပြဋ္ဌာန်းထားချက်ကိုပါ ဆန့်ကျင်နေပါသည်။ လူသား လူ့အခွင့်အရေးဆိုင်ရာ တန်းတူညီမျှမှုကို လေးစားလိုက်နာသင့်ပါသဖြင့် ပုဒ်မ ၁၀၉ နှင့် ပုဒ်မ ၁၄၁ တို့သည် လုံးဝ ပယ်ဖျက်ပစ်ရမည့် ပုဒ်မစာရင်းတွင် ထိပ်ဆုံးမှာထားသင့်ပါသည်။


Tuesday, May 15, 2012

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း - ၂)

“အဓိက တင်ပြလိုသည်မှာ သမ္မတ ရွေးကောက်တင်မြှောက်သည့်စနစ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သမ္မတသည် ပုဒ်မ ၅၈ အရ “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တဝန်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွဋ်အထိပ်နေရာ ရရှိသည်။” ဖြစ်၍ နိုင်ငံသားအားလုံး၏ ရွေးကောက်တင်မြှောက်မှုကို ခံယူရရှိသူသာ ဖြစ်ရပါမည်။ သို့တည်းမဟုတ် ပြည်သူ့ကိုယ်စားလှယ်စစ်စစ် လွှတ်တော်အမတ်များ၏ နိုင်ငံသားအားလုံးကိုယ်စား ရွေးကောက်တင်မြှောက်မှုကို ရရှိသူသာ ဖြစ်ရပါမည်။ တခြားနည်း မရှိပါ …” 

အခန်း (၂) 
နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံ 

ဤအခန်း (၂) ပုဒ်မ - ၅၃(က) တွင် “တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တနယ်၏ နယ်နိမိတ်ကို ပြင်ဆင်သတ်မှတ်ရန် အကြောင်းပေါ်ပေါက်လာပါက ယင်းနယ်နိမိတ်နှင့် အကျုံးဝင်သည့် မြို့နယ်အတွင်းနေထိုင်ကြသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ ဆန္ဒသဘောထားကို ဦးစွာပထမ ရယူရမည်။” ဟု ဖော်ပြထားပြီး၊

ပုဒ်မ- ၅၂(ခ) (၃) တွင် “နိုင်ငံတော်နယ်နိမိတ် ပြင်ဆင်သတ်မှတ်ရေးအတွက် နိုင်ငံတော် သမ္မတ၏ အကြောင်းကြားစာ ရရှိသည့်အခါ ပြည်ထောင်စုလွှတ်တော် အကြီးအမှူးသည် အောက်ပါအတိုင်း လွှတ်တော်ကိုယ်စားလှယ်များ၏ဆန္ဒကို ရယူရမည် – (၃) ထိုလွှတ်တော်နှစ်ရပ်ရှိ သက်ဆိုင်ရာ နယ်နိမိတ်နှင့် အကျုံးဝင်သော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၏ ထက်ဝက်ကျော် ထောက်ခံဆန္ဒမဲ။”ဟုလည်း ဖော်ပြထားပါသည်။


Saturday, May 12, 2012

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း - ၁)

"လွှတ်တော်များသို့ ပြည်သူ့ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ခြင်း ပုဒ်မ – ၃၉၁ (ခ) “ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားနှင့် ဥပဒေအရ ဆန္ဒမဲပေးခွင့်ရှိသူတိုင်းသည် ရွေးကောက်ပွဲတရပ်၌ မဲဆန္ဒနယ်တနယ်တွင် လွှတ်တော်တရပ်စီအတွက် ဆန္ဒမဲ တမဲသာ ပေးပိုင်ခွင့်ရှိသည်။” ဟူသော လူတကိုယ် မဲတပြား အခြေခံဒီမိုကရေစီမူကို ဗိုလ်ချုပ်မှူးကြီးတဦးတည်းက လွှတ်တော် ကိုယ်စားလှယ် ၁၆၆ ဦးခန့်အပ်ခြင်းဖြင့် ဆန့်ကျင်ချိုးဖောက်ထားသည်ကို တွေ့ရှိရပါသည်"

၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ – ၁၅၁ (၁) တွင် “တရားလွှတ်တော်ချုပ်၏ ထင်မြင်ယူဆချက်ကို ရယူလောက်အောင် ပြည်သူများအတွက် အရေးကြီးသည်ဟူသော ဥပဒေကြောင်းဆိုင်ရာ ပြဿနာတရပ် ပေါ်ပေါက်လာသည်ဟုသော်လည်းကောင်း၊ ပေါ်ပေါက်ရန် အကြောင်းရှိသည်ဟုသော်လည်းကောင်း၊ နိုင်ငံတော်သမ္မတသည် မည်သည့်အခါ၌မဆို ယူဆခဲ့သော် ထိုပြဿနာကို စဉ်းစားစေရန် တရားလွှတ်တော်ချုပ်သို့ လွှဲအပ်နိုင်သည်။ တရားလွှတ်တော်ချုပ်ကလည်း ထိုပြဿနာနှင့်စပ်လျဉ်း၍ လျော်ကန်သင့်မြတ်သည့်အတိုင်း ကြားနာစစ်ဆေးပြီးနောက် သမ္မတထံ အစီရင်ခံနိုင်ရမည်။” ဟု ပြဋ္ဌာန်းထားချက် ရှိခဲ့ဖူးပါသည်။ အမေရိကန်ပြည်ထောင်စု၏ တရားလွှတ်တော်ချုပ်သည်လည်း အခြေခံဥပဒေနှင့် ဥပဒေများကို အနက်အဓိပ္ပာယ်ဖွင့်ဆိုခွင့် အာဏာရှိပြီး အခြေခံဥပဒေနှင့် မညီသောကိစ္စရပ်များကိုလည်း အဆုံးအဖြတ်ပြုနိုင်ခွင့် အာဏာရှိပါသည်။

Common Law System (အင်္ဂလိပ်ဥပဒေစနစ်) စနစ်ကို မြန်မာနိုင်ငံကဲ့သို့ မကျင့်သုံးသော ဥရောပနိုင်ငံများက စတင်ကျင့်သုံးခဲ့သည့် ကိုဓဥပဒေ/ ပြဋ္ဌာန်းဥပဒေစနစ် (Code Law System) သို့မဟုတ် – ဆီဗီလ်ဥပဒေစနစ် (Civil Law System) တွင်မူ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးများကို ကျင့်သုံးဖော်ဆောင်ခဲ့သည်ကို တွေ့ရှိရသည်။


ကြံ့/ဖွံ့ အစိုးရရဲ့ ဒုတိယအကျော့ အပစ်ရပ်နိုင်ငံရေးလုပ်ငန်းစဉ် ဘာ့ကြောင့်ပေါ်ထွက်လာသလဲ? (ချန်းဦး)

၂၀၁၁ ခုနှစ် မတ် ၃၀ ရက်မှစတင်ပြီး တိုင်းပြည်ရဲ့ နိုင်ငံရေးအာဏာကို ကြံ့/ဖွံ့ အစိုးရ က လက်လွှဲယူခဲ့တယ်။ ကြံ့/ဖွံ့ အစိုးရရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်နိုင်ဖို့အတွက် ပြည်တွင်းမှာ နိုင်ငံရေးအရတည်ငြိမ်ဖို့ အရေးတကြီး လိုအပ်လာတယ်။

ဒီပြင် နိုင်ငံတကာ မျက်နှာစာမှာလည်း စီးပွားရေး၊ နိုင်ငံရေး နဲ့ သံတမန်ရေးဆိုင်ရာ ဆက်ဆံရေးများက ပြည်တွင်းနိုင်ငံရေး တည်ငြိမ်မှုကိုဖြေရှင်းဖို့ အဆက်မပြတ် တောင်းဆိုနေချိန်လည်း ဖြစ်တယ်။ ပြည်တွင်းနိုင်ငံရေးပဋိပက္ခများနဲ့ နိုင်ငံတကာ ဆက်ဆံရေး ဖိအားများက ကြံ့/ဖွံ့ အစိုးရအား အပစ်ရပ် နိုင်ငံရေးပြဿနာတွေကို ပြန်လည်ဖြေရှင်းဖို့ တွန်းအားတွေ ဖြစ်လာခဲ့ရတယ်။

ပြည်တွင်းနိုင်ငံရေး ပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းတဲ့အခါ လက်နက်မကိုင်တဲ့ နိုင်ငံရေးအင်အားစုတွေအပေါ်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသုံးပြုပြီး ယာယီဖြေရှင်းထားနိုင်သေးတယ်။ သို့သော် လူမျိုးစု လက်နက်ကိုင်အင်အားစုများနဲ့ ပတ်သက်တဲ့ နိုင်ငံရေးပဋိပက္ခကိုတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင် ကျင့်သုံးပြီး ဖြေရှင်းမည်ဆိုပါက နိုင်ငံရေး ပဋိက္ခတွေ ပိုမိုကြီးထွား၊ ကျယ်ပြန့်လာနိုင်တယ်။ ဆယ်စုနှစ် ၂ ခုနီးပါး ဖြစ်တည်လာခဲ့တဲ့ အပစ်ရပ်နိုင်ငံရေး အခြေအနေဟာလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် ပျက်စီးခဲ့ရဖူးပြီ မဟုတ်ပါလား။


Saturday, April 28, 2012

အလုပ်သမားအဖွဲ့အစည်း ဥပဒေ (၂၀၁၁ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၇)ကို ဆန်းစစ်သုံးသပ်ချက်

၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က အလုပ်သမားအဖွဲ့အစည်းဥပဒေကို အတည်ပြု ပြဌာန်းပေးလိုက်ပါသည်။ ဤ ဥပဒေကို လေ့လာဆန်းစစ်ကြည့်မည်ဆိုပါက …

၁။ ဤဥပဒေ ပုဒ်မ -၅၆ အရ ၁၉၂၆ ခုနှစ်၊ အလုပ်သမားသမဂ္ဂများ အက်ဥပဒေကို ရုပ်သိမ်း၍ ပြဌာန်းလိုက်ခြင်းဖြစ်သည်။ သို့သော် တခြား အလုပ်သမားဆိုင်ရာ ဥပဒေများကိုကား လုံးဝ ရုပ်သိမ်းခြင်းမပြုသေးဘဲ တည်ဆဲဥပဒေအဖြစ် ဆက်လက်ထားရှိဆဲဖြစ်သည်။ တည်ဆဲ ၁၉၅၄ -ခုနှစ် လူမှုဖူလုံရေး အက်ဥပဒေနှင့် ဤဥပဒေတို့ ဆန့်ကျင်ကွဲလွဲလာလျှင် မည်သို့မည်ပုံ ဆောင်ရွက်ရမည်ကို နည်းဥပဒေ ပြဌာန်းထားချက်များ မပါရှိပါ။

၂။ ဤဥပဒေ ပုဒ်မ -၅၅ (က) တွင် အလုပ်သမားဝန်ကြီးဌာနသည် လိုအပ်သော နည်းဥပဒေများကို ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့်လည်းကောင်း၊ လိုအပ်သော စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကိုလည်းကောင်း ထုတ်ပြန်နိုင်သည်ဟု ဖော်ပြထားပြီး ပုဒ်မ - ၅၅ (က)တွင် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနသည် လိုအပ်သောအမိန့်နှင့် ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်ဟု ဖော်ပြပါရှိသည်။ နည်းဥပဒေ လုံးဝ မရှိသေးသည့်ကာလတွင် မူရင်း တည်ဆဲ အလုပ်သမားဆိုင်ရာဥပဒေများနှင့် ဆန့်ကျင်ကွဲလွဲနေသည့် အချက်များတွင် မည်သို့ ဤဥပဒေကို အကောင်အထည်ဖော်နိုင်ပါမည်နည်း။ ဥပဒေ၏ကွဲလွဲ လွဲချော်မှုဒဏ်ကို အလုပ်သမားလူတန်းစားတရပ်လုံးခံစားရပါမည်။ လူတန်းစား၊ လူ့အလွှာများကို ဥပဒေဖြင့် ရှုပ်ထွေးပွေလီအောင် မဖြိုခွဲသင့်ပါ။


Sunday, April 22, 2012

လယ်ယာမြေဥပဒေကို ဝေဖန်သုံးသပ်ခြင်း - ဦးမျိုး (ဥပဒေ)

လယ်ယာမြေ ဥပဒေ 
(၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၁) ကို ဥပဒေရေးရာ ဝေဖန်သုံးသပ်ခြင်း

မြန်မာနိုင်ငံ ပြည်ထောင်စု လွှတ်တော်မှ ဤ လယ်ယာမြေဥပဒေကို ၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက်နေ့က ပြဋ္ဌာန်းလိုက်ပါသည်။ 

ဤလယ်ယာမြေ ဥပဒေပုဒ်မ ၃ (က) တွင်- “လယ်ယာမြေ ဆိုသည်မှာ လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေ၊ တောင်ယာမြေ၊ နှစ်ရှည်ပင်စိုက်ပျိုးသောမြေ၊ ဓနိမြေ၊ ဥယျာဉ်မြေ ဟုသော်လည်းကောင်း၊ မြေနုကျွန်းမြေ ဟုသော်လည်းကောင်း သတ်မှတ်သည့် မြေများကို ဆိုလိုသည်။” ဟူ၍လည်းကောင်း၊ ပုဒ်မ ၃ (ခ) တွင်- “လယ်မြေ ဆိုသည်မှာ သဘာဝအရသော်လည်းကောင်း၊ လူတို့ဖန်တီးသော နည်းလမ်းအရ သော်လည်းကောင်း၊ စိုက်ပျိုးရေ ရယူပြီး ရေထိန်းသိမ်းနိုင်စေရန် ဆောင်ရွက်ထားသည့် စပါးသီးနှံ အဓိက စိုက်ပျိုးသော မြေကို ဆိုလိုသည်။” ဟူ၍လည်းကောင်း ဖော်ပြထားပါသည်။ လယ်ယာမြေကို စပါးသီးနှံ အဓိက စိုက်ပျိုးသောမြေဟုသတ်မှတ်ချက်မှာ တောင်သူလယ်သမားများ လွတ်လပ်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် အဟန့်အတား ဖြစ်နေပါသည်။ ထုတ်လုပ်မှုကို အကျိုးပြုမည့် မည်သည့် သီးနှံကိုမဆို လွတ်လွတ်လပ်လပ် စိုက်ပျိုးခွင့် ပြုရပါမည်။ 

ဤဥပဒေ ပုဒ်မ ၃ (ဃ) တွင်- “လယ်ယာမြေ လုပ်ပိုင်ခွင့်ဆိုသည်မှာ နိုင်ငံတော်သည် မြေယာအားလုံး၏ ပင်ရင်း ပိုင်ရှင်ဖြစ်၍ လယ်ယာမြေကို စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရန် အလို့ငှာ ဤဥပဒေ၊ ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ လက်ဝယ်ထားရှိ၍ စိုက်ပျိုးလုပ်ကိုင် အသုံးချခွင့်ပြုခြင်းကို ဆိုလိုသည်။ သို့ရာတွင် မြေပေါ် မြေအောက်ရှိ ကျောက်မျက်၊ သတ္တု၊ ရေနံနှင့် ဓာတ်ငွေ့ စသည့် သဘာဝသယံဇာတများ ထုတ်ယူအသုံးချခွင့် မပါဝင်။” ဟုပြဋ္ဌာန်းထားပါသည်။ လယ်ယာမြေကို လက်ဝယ်ထားရှိ၍ စိုက်ပျိုးလုပ်ကိုင် အသုံးချခွင့်ကိုသာပေးပါသည်။ တောင်သူလယ်သမားများ လယ်လုပ်သူ လယ်ပိုင်ခွင့် မရှိပါ။ ကိုယ်ပိုင်ဆိုင်ခဲ့သည့် လယ်ယာမြေပေါ်တွင် ကိုယ်ကိုယ်တိုင် လယ်ယာသူရင်းငှားဘဝသို့ ကျရောက်သွားစေရန် ပြဋ္ဌာန်းလာသည့် ဥပဒေဖြစ်ကြောင်း တွေ့ရှိရပါသည်။

Thursday, April 19, 2012

ပြည်ထောင်စုရှေ့နေချုပ်နှင့် ဇယား(၄)

ပြည်ထောင်စုရှေ့နေချုပ်ဥပဒေ (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၂၂/၂၀၁၀)ကို ၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့တွင် ပြဋ္ဌာန်းထားခဲ့သည်။ ဤဥပဒေ ပုဒ်မ -၁၂ တွင် ပြည်ထောင်စုရှေ့နေချုပ်၏ တာဝန်များကို အောက်ပါအတိုင်း ဖော်ပြထားပါသည်။

(ခ) ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဖြစ်စေ၊ ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဖြစ်စေ ဥပဒေရေးရာနှင့် စပ်လျဉ်း၍ ထူးခြားသော အခြေအနေကို အခါအားလျော်စွာ တင်ပြခြင်း။

(ဂ) နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဖြစ်စေ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတစ်ခုခု၊ ပြည်ထောင်စုဝန်ကြီးဌာနတစ်ခုခု သို့မဟုတ် နေပြည်တော်ကောင်စီကဖြစ်စေ ဥပဒေအကြံဉာဏ် တောင်းခံပါက ဥပဒေ အကြံဉာဏ်ပေးခြင်း။

(တ) ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ ဖြစ်စေ၊ တည်ဆဲဥပဒေနှင့် နည်းဥပဒေများအရဖြစ်စေ၊ ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန်နှင့် ညွှန်ကြားချက်များအရဖြစ်စေ သတ်မှတ်ထားသော အခြားတာဝန်များကို ထမ်းဆောင်ခြင်း။

ပုဒ်မ- ၁၂(ခ)တွင် “ဥပဒေရေးရာနှင့် စပ်လျဉ်း၍ ထူးခြားသော အခြေအနေကို အခါအားလျော်စွာ တင်ပြခြင်း” တာဝန်ကို ထမ်းဆောင်ရပါသည်။

Friday, April 13, 2012

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ - ဦးမျိုး (ဥပဒေ)

(၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၀) ကို ဥပဒေရေးရာ ဆန်းစစ်သုံးသပ်ခြင်း။

မြန်မာနိုင်ငံ ပြည်ထောင်စုလွှတ်တော်က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ၂၀၁၂ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့က ပြဋ္ဌာန်းလိုက်ပါသည်။ ယခင်က နဝတ အမိန့်ကြော်ငြာစာ၊ အမှတ်၊ ၄၄/၉၁ ဖြင့် ထုတ်ပြန်ထားသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန်ခွဲရေး ဗဟိုအဖွဲ့၏ တာဝန်များနှင့် လုပ်ပိုင်ခွင့်များ သတ်မှတ်ခြင်းနှင့် မြေယာ လုပ်ပိုင်ခွင့်/ အသုံးပြုခွင့်ပေးရန် လုပ်ထုံးလုပ်နည်းများ (မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာ အမှတ် ၁/၉၁) လည်းရှိနှင့်ပြီးသား ဖြစ်ပါသည်။

ယခုပြဋ္ဌာန်းလာသည့် ဥပဒေအမှတ် ၁၀/၂၀၁၂ ဤဥပဒေတွင် ပုဒ်မပေါင်း ၃၄ ခုပါရှိပါသည်။ ယခင်က နဝတ အမိန့်ကြော်ငြာစာ အမှတ် ၄၄/၉၁ ကို ရုပ်သိမ်းကြောင်း ဖော်ပြထားချက်ကို မတွေ့ရှိရပါ။ ဤဥပဒေ ပုဒ်မ ၃၃ တွင် ‘ဤဥပဒေအရ ဖွဲ့စည်းသော ဗဟိုကော်မတီသည် ဤဥပဒေ မပြဋ္ဌာန်းမီက ဖွဲ့စည်းသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုအဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ဆက်ခံဆောင်ရွက်ရမည်။’ ဟုသာ ဖော်ပြထားပါသည်။ ဤဥပဒေ ပုဒ်မ ၃၄(ခ) တွင် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည် ဟုဖော်ပြထားသော်လည်း ဥပဒေကို လက်တွေ့ အကောင်အထည်ဖော်ရမည့် လုပ်ထုံးလုပ်နည်းကို တဆက်တည်း မပြဋ္ဌာန်းနိုင်သည့် အားနည်းချက်ကို တွေ့ရပါသည်။

Saturday, March 31, 2012

ကလေးဘဝ ... ကျော်ဦး၊ သိန်းညွန့်နဲ့ မြန်မာ့နိုင်ငံရေး ဆက်စပ်ကြည့်မိခြင်း - (ကိုယဉ်ထွန်း - လူ့ဘောင်သစ်)

အခုတလော မြန်မာ့နိုင်ငံရေးကိစ္စတွေ ကြားနေ၊ သိနေရတာတွေဟာ ကျနော်ငယ်ငယ်က တရပ်ကွက်တည်းနေ ရွယ်တူသူငယ်ချင်းတွေနဲ့ ကျနော် ဖြစ်ပျက်ခဲ့တဲ့အကြောင်းလေးတွေနဲ့ တော်တော်လေးတူနေတယ်။ ငယ်ငယ်က ဖြစ်ပျက်ခဲ့တာလေးတွေဟာ အများစုအနေနဲ့ အသေးစိတ်မမှတ်မိတတ်ကြပေမယ့် ထူးခြားတဲ့အကြောင်းလေးတွေဆို .. လူတိုင်း မှတ်မိတတ်ကြတယ်မလား ... ကဲဗျာ ... ငယ်ဇာတ်ကြောင်းလေးတွေထဲက စွဲနေတဲ့ မှတ်မိစရာလေးတွေ ပြောပြချင်ပါတယ်။

ကျနော်ငယ်ငယ် ကျနော်တို့ခေတ်တုန်းက ရပ်ကွက်ထဲမှာ၊ ကျောင်းမှာ ကြောက်နေရတဲ့ ဗိုလ်ကလေးတွေ ရှိတယ်။ ထားပါတော့လေ ... ကျနော်နဲ့ ကစားဖော်ထဲက ကျနော် ကြောက်ရတာက ရပ်ကွက်ထဲမှာက ကျော်ဦး ဆိုတဲ့ ကစားဖော်၊ ကျောင်းမှာဆိုရင်တော့ဗျာ သိန်းညွန့် ဆိုတဲ့ ကျောင်းနေဖက်တို့ ၂ ဦးပေါ့။ ကျနော် ကျော်ဦးကို ကြောက်ခဲ့ရတာလေး မှတ်မိသမျှအရင်ပြောရရင် ကျနော် ၅ နှစ်သားလောက်က သရေကွင်း ပစ်တယ်။ လက်မှာ စွပ်တဲ့သားရေကွင်းလေးတွေကို စည်းဝိုင်းလေးထဲမှထားပြီး ဝိုင်းအပြင်ထွက်အောင်ပစ်နိုင်ရင်နိုင်တဲ့ ကစားနည်းပေါ့လေ၊ ကျနော်က လက်တည့်တယ်။ ကျနော့်အဖေကလည်း သားရေကွင်း ပူဆာရင် အဲဒီ့အချိန်က အထုတ်လိုက် ဝယ်ပေးတတ်တယ်။ ကျနော် ပူဆာတာကို အဖေက နားညည်းလို့နေမှာပါ။ ဒီတော့ သားရေကွင်းတွေနဲ့ အိမ်ရှေ့မှာ အမြဲတမ်းပစ်နေတော့တာပဲ။ 

Friday, March 30, 2012

မြန်မာ-တရုတ်ဆက်ဆံရေး အလှည့်အပြောင်းဟာ အာဆီယံဥက္ကဋ္ဌနေရာအတွက် ပြင်ဆင်ခြင်းလော။ (မူဝါဒရေးရာ သုံးသပ်တင်ပြချက်) - ဝင်းမြင့်နိုင်

မြန်မာအစိုးရဟာ အာဆီယံဥက္ကဋ္ဌရာကိုရယူဖို့ ပြင်ဆင်မှုတွေပြုလုပ်လာနေချိန်မှာ တရုတ်နဲ့ဆက်ဆံရေးကို ပြန်လည် ချိန်ဆလာပါတယ်။ ဒီအာဆီယံဥက္ကဋ္ဌနေရာဟာ လွန်ခဲ့တဲ့ ၂၀၀၆ တုန်းက တစ်ကြိမ်အလှည့်ကျခဲ့ပေမယ့် မြန်မာအစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် အနောက်ကမ္ဘာက ဖိအားပေးကန့်ကွက်ခဲ့တဲ့အတွက် လက်လွှတ်လိုက်ရတဲ့ နေရာဖြစ်ပါတယ်။

မြစ်ဆုံဆည်စီမံကိန်းကို ရပ်ဆိုင်းပစ်လိုက်တဲ့အချက်ကိုကြည့်ရင် တရုတ်နဲ့ဆက်ဆံရေးမှာ မြန်မာအစိုးရဟာ ပြန်လည် ချိန်ခွင့်လျှာညှိလာတဲ့သဘောကို အထင်အရှား တွေ့နိုင်ပါတယ်။ တဖက်မှာ တရုတ်နဲ့ မဟာဗျူကျတဲ့ဆက်ဆံရေးကို သတိကြီးစွာ ထိန်းသိမ်းရင်း၊ တဖက်မှာလည်း တရုတ်လောင်းရိပ်အောက်က ထွက်ပြလိုက်ပုံရပါတယ်။ ဒီအချက်ဟာ ၂၀၁၄ ခုနှစ်မှာ မြန်မာ အာဆီယံဥက္ကဋ္ဌ တာဝန်ယူတဲ့အခါမှာ ဖြစ်လာနိုင်တဲ့ တရုတ်-မြန်မာ ဆက်ဆံရေး အနေအထားကို အချက်ပြနေတာပဲ ဖြစ်ပါတယ်။ ဒီပြောင်းလဲမှုဟာ တရုတ်အတွက်လည်းဖြစ်သလို၊ အာဆီယံအတွက်လည်း သင့်တော်မယ့် အပြောင်းအလဲဖြစ်ပါတယ်။


ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့်ဒေသများ ဆိုပါလား - ဦးမျိုး (ဥပဒေ)

မြန်မာနိုင်ငံတွင် ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေဟူ၍ နိုင်ငံလွတ်လပ်ရေးရကတည်းက ယနေ့ထိ တခါမှ မပေါ်ပေါက်ခဲ့ဖူးသေးချေ။ ၁၉၄၇ ခုနှစ် အခြေခံဥပဒေသည်ပင်လျှင် ပြည်ထောင်စု ဥပဒေ မစစ်ခဲ့သေးပေ။ လွတ်လပ်ရေး အရယူနိုင်ရန် ပင်လုံစိတ်ဓာတ်ဖြင့် ရေးဆွဲခဲ့ရခြင်းဖြစ်သည်။

၎င်းကို ပြင်ဆင်ရန် (ဝါ) ပြည်ထောင်စု အခြေခံဥပဒေရေးဆွဲရန် ပြည်သူ့လွတ်တော် ပါလီမန် အစည်းအဝေးက ၁၉၆၀ ပြည့်နှစ် နိုဝင်ဘာ ၁၀ ရက်နေ့တွင် အဖွဲ့ဝင် ၂၉ ဦးပါသော အခြေခံဥပဒေပြင်ဆင်ရေးကော်မတီကို ဥပဒေအရ နိုင်ငံတော် သမ္မတက ဖွဲ့စည်းပေးခဲ့သည်။ အခြေခံဥပဒေပြင်ဆင်ရေးကော်မတီ၏ တာဝန် ၃ ရပ်ကိုလည်း ချမှတ်ပေးခဲ့သည်။

စုပေါင်းညှိနှိုင်းဆွေးနွေးပြီး ပြင်ဆင်ရန်ကြိုးပမ်းနေသည့်အချိန်ကာလမှာပင် ဗိုလ်နေဝင်း စစ်အုပ်စုက ၁၉၆၂ ခုနှစ်တွင် စစ်အာဏာသိမ်းကာ ပြည်ထောင်စုကို ဖျက်ဆီးခဲ့သည်။ ဗိုလ်နေဝင်း၏ ၁၉၇၄ ခုနှစ် မဆလ ပြည်ထောင်စု အခြေခံဥပဒေနှင့် ယခု ဗိုလ်သန်းရွှေ၏ ၂၀၀၈ ခုနှစ် နအဖ ပြည်ထောင်စုအခြေခံဥပဒေမှာလည်း အတူတူနှင့် အနူနူပင်ဖြစ်သည်။ အဘယ်ကြောင့်နည်း။ ဗိုလ်နေဝင်း၏ ၁၉၇၄ ခုနှစ် အခြေခံဥပဒေပုဒ်မ ၃၁ အရနှင့် ဗိုလ်သန်းရွှေ၏ ၂၀၀၈ ခုနှစ် အခြေခံဥပဒေပုဒ်မ ၄၉ အရ - တိုင်းဒေသကြီး ၇ ခုနှင့် ပြည်နယ် ၇ ခု ပိုင်းခြားသတ်မှတ်ချက်မှာ တထပ်တည်းတူနေကြ၍ ဖြစ်ပါသည်။ အားလုံး တပြည်ထောင်ဖွဲ့စည်းပုံ အခြေခံဥပဒေချည်း ဖြစ်နေသောကြောင့်ပင်တည်း။ မည်သည့် စစ်အာဏာရှင်စနစ်ကမျှ ပြည်ထောင်စုကို လုံးဝ မလိုလားကြောင်း တိုင်းရင်းသားအားလုံးက သိနှင့်နေကြပြီး ဖြစ်သည်။

Friday, March 23, 2012

ပြည်တွင်းစစ် တိုင်းရင်းသားလူမျိုးများအရေးနှင့် ဒီမိုကရေစီ ပြဿနာများ - အောင်မြင့်ဦး (မဟာဝိဇ္ဇာ)

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် လုံးဝ လွတ်လပ်ရေးရရှိခဲ့သည်။ ရရှိခဲ့သော လွတ်လပ်ရေးနှင့်အတူ ပေါ်ထွက်လာခဲ့သော ပြဿနာများမှာ ပြည်တွင်းစစ်၊ တိုင်းရင်းသားလူမျိုးများအရေးနှင့် ဒီမိုကရေစီပြဿနာများပင် ဖြစ်ကြသည်။ ပြည်တွင်းစစ် စတင်ဖြစ်ပွားခဲ့ရသော ပထမအကြောင်းရင်းသည် ဗိုလ်ချုပ်အောင်ဆန်းကျဆုံးမှုက စတင်ခဲ့သည်။ 

ဗိုလ်ချုပ်အောင်ဆန်းသည် လက်ဝဲအင်အားစုများ ညီညွတ်ရေးနှင့် တစ်မျိုးသားလုံး စည်းလုံးညီညွတ်ရေးကို ထိန်းသိမ်းကာကွယ်ပြီး မြန်မာနိုင်ငံတွင် တည်ရှိနေသော နယ်ချဲ့စနစ်ကို အပြီးတိုင် စာရင်းရှင်း မောင်းထုတ်၍ ပြီးပြည့်စုံသော အမျိုးသား စီးပွားရေးစနစ်ကို ချီတက်သွားနိုင်သည့် အလားအလာများကို နယ်ချဲ့သမားက သိရှိခဲ့သည်။ ထိုသို့ ချီတက်သွားနိုင်ပါက နယ်ချဲ့သမားသည် သန်းပေါင်း ၂၀ မျှရှိသော မြန်မာလူထု၏ ဈေးကွက်တွင်ရှိနေသည့် သူတို့၏ စီးပွားရေးအားလုံးကို လက်လွှတ်ဆုံးရှုံးသွားရမည် ဖြစ်သည်။ ထို့ကြောင့် အမျိုးသားညီညွတ်ရေးကြီး ပြိုကွဲသွားအောင် အမျိုးသားသစ္စာဖောက်များ နှင့် ပူးပေါင်းပြီး ဗိုလ်ချုပ်အောင်ဆန်းအား လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းပင် ဖြစ်သည်။

Wednesday, March 7, 2012

ကျေးရွာဝါဒ ပြောင်းလဲနိုင်ပါ့မလား? - ဦးမျိုး (ဥပဒေ)

၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၁) ဖြစ်သော “ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ” ကို နိုင်ငံတော် သမ္မတ က ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ပြဋ္ဌာန်းခဲ့သည်။
ဤဥပဒေ၏ အခန်း (၄) ။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ခန့်အပ်တာဝန်ပေးခြင်း။ ပုဒ်မ – ၆ တွင် “မြို့နယ်အုပ်ချုပ်ရေးမှူးသည် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ကြီးကြပ်နိုင်ရေးအတွက် ယင်းတာဝန်ကို ထမ်းဆောင်ရန်ဆန္ဒရှိသော ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်းရှိ အများကြည်ညိုလေးစားပြီး သြဇာတိက္ကမ ရှိသည့် ရပ်မိရပ်ဖ ငါးဦးကိုရွေးချယ်၍ ကြီးကြပ်ရေးအဖွဲ့အဖြစ် တာဝန် ပေးအပ်ရမည်။” ဟု ဖော်ပြထားသည်ကို တွေ့ရပါသည်။ 

မြို့အုပ်က ရပ်/ကျေး ကြီးကြပ်ရေး အဖွဲ့ဝင် ၅ ဦးကို တာဝန်ပေးအပ်ရမည် - ဖြစ်ပါသည်။ ထိုအဖွဲ့ဝင် ၅ ဦးကို ရပ်/ကျေးနေ ပြည်သူလူထုများက ကြိုက်နှစ်သက်ခြင်း ရှိ/မရှိ နှင့် ပတ်သက်၍ ဆန့်ကျင်ခြင်း၊ ကန့်ကွက်ခြင်း၊ ထောက်ခံခြင်းပြုနိုင်ပါရန် ဤဥပဒေတွင် ပြဋ္ဌာန်းချက်များ ပါရှိမလာပါ။ ကြီးကြပ်ရေး အဖွဲ့ဝင် ၅ ဦးကို မြို့အုပ်တဦးတည်းက တာဝန်ပေးအပ်သူသာ ဖြစ်ရပါတော့မည်။ အဖွဲ့ဝင် ၅ ဦးထဲမှ မည်သူ့ကိုမဆို ပြည်သူလူထုက သဘောထားပေးပိုင်ခွင့် ပေးအပ်ထားရပါမည်။ သို့မှသာ ပြည်သူ့ဆန္ဒနှင့်အညီ ရွေးချယ်မည့် ပြည်သူ့ကိုယ်စားလှယ်များ အမှန်အကန် ရရှိနိုင်ပါမည်။ လူထုပါဝင်မှုကို ဖိတ်ခေါ်သင့်ပါသည်။

Sunday, March 4, 2012

ဒီမိုကရေစီရေး အထောက်အပံ့၊ ဖွံ့ဖြိုးရေးအကူညီ၊ တွဲမရ ခွဲမရ အစီအစဉ်များ (ရဲဘော် ဝင်းမြင့်နိုင်)

တချိန်က သီးခြားစီရှိခဲ့တဲ့ ဒီမိုကရေစီထောက်ပံ့ရေးနဲ့ ဖွံ့ဖြိုးရေးအကူအညီများအကြားမှာ အခုတော့ ဆက်နွယ်မှုတွေ တိုးပွားလာတာကို မြင်နေရပါပြီ။ သည်နယ်ပယ်နှစ်ခုရဲ့ လက်တွဲဆောင်ရွက်မှုကတော့ တဖက်စောင်းနင်းဖြစ်နေဆဲပါ။ 
တိုင်းပြည်အလှည့်အပြောင်းတခုအတွင်းက သည်နှစ်ခုရဲ့ကွင်းဆက်တွေ၊ အဆင့်ဆင့်ပြောင်းလဲမှုနဲ့ အကျိုးဆက်ရလဒ်တွေအကြောင်းကို လေ့လာဖို့ ဒီမိုကရေစီဂျာနယ်နဲ့ ကာနယ်ဂျီအထောက်အကူပြုအဖွဲ့တို့က ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။