Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Wednesday, October 23, 2013

ပါတီဥက္ကဋ္ဌအား နိုင်ငံသား စိစစ်ရေးကဒ် ထုတ်မပေးသေး

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် နိုင်ငံသားစိစစ်ရေးကဒ် ယခုထိ မရရှိသေးတဲ့အတွက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မှတ်ပုံတင်ရန်ကိစ္စမှာ နှောင့်နှေးနေကြောင်း သိရသည်။ 

"လူဝင်မှုကြီးကြပ်ရေးဌာနက ကျွန်တော့်မှတ်ပုံတင်ကိစ္စကို အချိန်ဆွဲနေတဲ့အတွက် ပါတီမှတ်ပုံတင်ဖို့ အချိန်ကြန့်ကြာနေပါတယ်'' ဟု ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောပါတယ်။ 

၎င်းက ၂၀၁၃ သြဂုတ်လကတည်းက မှတ်ပုံတင်ကိစ္စကို လူဝင်မှုကြီးကြပ်ရေးမှာ လျှောက်ထားတာပါ။ ယခုအချိန်ထိ ဘာအကြောင်းမှ မထူးသေးဘူးဟု ထပ်မံဖြည့်စွက်ပါတယ်။ 


Monday, October 15, 2012

လူ့ဘောင်သစ်ပါတီ ၂၄ နှစ်ပြည့်မွေးနေ့ နဲ့ ပြည်တွင်းငြိမ်းချမ်းရေး

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ၂၄ နှစ်ပြည့် အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ် တနေရာမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။ မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဆက်လက်တိုက်ပွဲဝင်ကြရဦးမယ်လို့ ပါတီခေါင်းဆောင်တွေက ဒီကနေ့ အခမ်းအနားမှာ ပြောကြားလိုက်ပါတယ်။

မြန်မာပြည်ဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြောင်းလဲလာနေပြီဆိုပေမယ့် ပြည်သူတရပ်လုံး လိုလားတဲ့ ငြိမ်းချမ်းရေးအတွက် ဆက်လက်ဆောင်ရွက်ရမှာဖြစ်တယ်လို့ ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောပါတယ်။

“ဒီကနေ့ ကျနော်တို့ပါတီရဲ့ slogan ကတော့ ငြိမ်းချမ်းရေးအတွက် ဆက်လက်တိုက်ပွဲဝင်ကြဆိုတဲ့ slogan ဖြစ်တယ်၊ အဓိကပြောချင်တာကတော့ ကျနော်တို့တိုင်းပြည်မှာ အခုအချိန်အထိ ငြိမ်းချမ်းရေး မရသေးဘူး၊ တိုင်းပြည်ဟာ ကနေ့အချိန်အထိ စစ်မှန်တဲ့ ဒီမိုကရေစီရေး လမ်းကြောင်းပေါ်ကို အပြည့်အဝ မလျှောက်လှမ်းနိုင်သေးဘူး၊ ဒီ့အတွက် ကျွန်တော်တို့လုပ်စရာတွေ အများကြီးရှိတယ်။ ဆက်ပြီးတော့ ကျွန်တော်တို့ ညီအကိုတော် မဟာမိတ်တွေ၊ တိုင်းရင်းသားတွေ နောက်ပြည်သူတွေနဲ့အတူ ခိုင်ခိုင်မာမာလက်တွဲပြီးတော့ ငြိမ်းချမ်းရေး၊ စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိအောင်အတွက် ဆက်လက် ဆောင်ရွက်ကြဖို့ လိုသေးတယ်ဆိုတဲ့ message ကို ကျနော် ပေးချင်ပါတယ်”


Thursday, September 6, 2012

တရားဝင် ပြန်လည်လှုပ်ရှားခွင့်ရရေးဟာ အဓိကရည်မှန်းချက်

မြန်မာနိုင်ငံထဲမှာ နိုင်ငံရေးပါတီတစ်ရပ်အနေနဲ့ တရားဝင် ပြန်ပြီး လှုပ်ရှားခွင့်ရဖို့ ရှေ့ကို တစ်လှမ်းပိုတိုးလာပြီလို့ နှစ် ၂၀ လောက် ထိုင်း-မြန်မာနယ်စပ်မှာ အခြေစိုက်လှုပ်ရှားခဲ့တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ပြောပါတယ်။ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီး ပါတီ ပြန်ပြီးတော့ထူထောင်ဖို့နဲ့ နိုင်ငံရေးကိစ္စတွေကို ဆွေးနွေးဖို့အတွက် ဒီကနေ့ပဲ မြန်မာ နိုင်ငံကို ပြန်ရောက်လာတဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ကိုအောင်မိုးဇော်က ပြောပါတယ်။

အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ မခင်ဖြူထွေးက ပြောပြပါတယ်ရှင် … …။

မခင်ဖြူထွေး ။ ။ ဟုတ်ကဲ့ပါ ဒီရက်ပိုင်း ကျောင်းသားခေါင်းဆောင်ဟောင်းတွေ နောက်ပြည်ပ အခြေစိုက် နိုင်ငံရေးအဖွဲ့အစည်း ခေါင်းဆောင်တွေ အစိုးရရဲ့ ဖိတ်ခေါ်ချက်နဲ့ မြန်မာနိုင်ငံထဲကို ပြန်သွားနေကြရာမှာ ၁၉၈၈ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံမှာ ဒုတိယ အင်အားအကြီးဆုံး နိုင်ငံရေးပါတီတခုဖြစ်ခဲ့တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ လက်ရှိ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်လည်း ပါဝင်ပါတယ်။


Monday, September 3, 2012

ပါတီဥက္ကဋ္ဌ ရန်ကုန်ရောက်


မြန်မာနိုင်ငံမှာ တရားဝင် နိုင်ငံရေးပါတီအဖြစ်ဆောင်ရွက်နိုင်အောင် သွားရောက်လေ့လာတဲ့ ပြည်ပအခြေစိုက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်ဟာ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဒီနေ့ နေ့ခင်းပိုင်းက ဆိုက်ရောက်ပြီဖြစ်ပါတယ်။

Saturday, August 25, 2012

လူ့ဘောင်သစ်ပါတီ ပြည်တွင်းတွင် နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့် မရသေး

ပြည်ပအခြေစိုက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဟာ မြန်မာနိုင်ငံထဲပြန်ပြီး နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့်ပေးဖို့ အစိုးရကို တောင်းဆိုထားပေမယ့် ခွင့်ပြုချက်မရသေးဘူးလို့ ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောပါတယ်။

“ကျနော်တို့က ပါတီအနေနဲ့ ပြန်လာမယ်။ ပါတီအနေနဲ့ပြန်ပြီးတော့ ပါတီထောင်မယ်ဆိုပြီးပြောတာ သူတို့ လက်မခံသေးဘူး။ လက်မခံသေးတော့ ဆက်လက်ဆွေးနွေးဖို့အဆင့်ပဲ ရှိသေးတယ်”


Thursday, August 23, 2012

ယနေ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်သည့် သဘောထားအမြင် ညှိနှိုင်းပွဲကျင်းပ

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB ၏ ငြိမ်းချမ်းရေးမစ်ရှင်အဖွဲ့ခေါင်းဆောင် နန်းဆိုင်နောင့် ဦးဆောင်သော အဖွဲ့သည် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်) သို့ ၂၃- ၈- ၂၀၁၂ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်က လာရောက်၍ ငြိမ်းချမ်းရေးဖြစ်စဉ်များနှင့်ပတ်သက်သည့် သဘောထားအမြင်များအား ဆွေးနွေးဖလှယ်ခဲ့ကြသည်။

နန်းဆိုင်နောင့်က ၎င်းတို့၏ ငြိမ်းချမ်းရေးမစ်ရှင် ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်သည် “မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်ကို နောက်ပြန်ဆုတ်မသွားစေဖို့နဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိဖို့ ရည်ရွယ်ပြီး ဖွဲ့စည်းခြင်းဖြစ်ပါတယ်” ဟု ရှင်းလင်းပြောကြားသည်။ ထို့အပြင် ပဋိပက္ခဖြေရှင်းမှု ဖြစ်စဉ်အဆင့်ဆင့်တွင် အမျိုးသမီးများအနေဖြင့် အပြည့်အဝ ပါဝင်နိုင်ဖို့လည်း ရည်ရွယ်ကြောင်း ပြောကြားသည်။


Wednesday, August 22, 2012

ဆွီဒင် ဆိုရှယ်ဒီမိုကရက်လူငယ်အဖွဲ့ချုပ် (SSU) ၏ နွေရာသီစခန်းချ ဆွေးနွေးပွဲသို့ လူ့ဘောင်သစ်လူငယ်အဖွဲ့ တက်ရောက် ဆွေးနွေး

ဆွီဒင် ဆိုရှယ်ဒီမိုကရက်လူငယ်အဖွဲ့ချုပ် (SSU) ၏ နွေရာသီစခန်းချ ဆွေးနွေးပွဲတွင် လူ့ဘောင်သစ်လူငယ်ဥက္ကဋ္ဌ နော်မေဘယ်ထူးက ...

“မြန်မာနိုင်ငံထဲမှာ ပြုပြင်ပြောင်းလဲမှုတွေရှိနေပြီလို့ နိုင်ငံတကာက ပြောဆိုနေကြပေမယ့် အမှန်တကယ် လက်တွေ့ကျတော့ အပြောင်းအလဲတွေက ထင်သလောက် မဖြစ်သေးပါဘူး။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်နေတယ်ဆိုပေမယ့်လည်း တိုက်ပွဲတွေ ဆက်တိုက် ဖြစ်နေပါသေးတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးတယ်ဆိုပေမယ့်လည်း ရာနဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကျန်ရှိနေပါသေးတယ်” ဟု Burma- Real signs of changes? ခေါင်းစဉ်ဖြင့် မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်များကို တက်ရောက်ဆွေးနွေးရာတွင် ပြောကြားခဲ့သည်။


Wednesday, August 15, 2012

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဦးတည်ချက်အသစ်တစ်ခု ထပ်မံတိုးချဲ့

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အထူးအစည်းဝေးက မူလရှိပြီးသား နိုင်ငံရေးဦးတည်ချက်တွေအပြင် အစဉ်ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့အစည်း တည်ဆောက်ရေး ဆိုတဲ့ ဦးတည်ချက်အသစ်တစ်ခုကို ထပ်မံ တိုးချဲ့လိုက်တယ်လို့ သိရပါတယ်။

Friday, August 10, 2012

၂၄ နှစ်ပြည့် ရှစ်လေးလုံး လူထုအရေးတော်ပုံနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

၈- ၈-၂၀၁၂ ရက်နေ့မှာကျရောက်သော ၂၄ နှစ်ပြည့် ရှစ်လေးလုံး လူထုအရေးတော်ပုံနေ့ အထိမ်းအမှတ် အခမ်းအနားကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ နိုင်ငံရေးသင်တန်းကျောင်းတွင် လူ့ဘောင်သစ်လူငယ်များ၊ ကျောင်းသား ကျောင်းသူများနှင့် မြန်မာနိုင်ငံ ကျောင်းသားလူငယ်များကွန်ဂရက်တို့မှ ပြုလုပ်ခဲ့ကြသည်။

Wednesday, July 25, 2012

လူ့ဘောင်သစ် လူငယ် ဥက္ကဋ္ဌ IUSY၏ အာရှပစိဖိတ်ဒေသဆိုင်ရာ တာဝန်ခံအဖြစ် ခန့်အပ်ခံရ

ခရိုအေးရှား (Croatia) နိုင်င်ငံ၌ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ကျင်းပပြုလုပ်ခဲ့သည့် IUSY သဘာပတိ အစည်းအဝေးကို Asia-Pacific ဒေသဆိုင်ရာ ဒုဥက္ကဋ္ဌ နော်မေဘယ်ထူးမှ တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် နော်မေဘယ်ထူးအား အာရှပစိဖိတ် ဒေသဆိုင်ရာ တာဝန်ခံအဖြစ် တရားဝင်ခန့်အပ် တာဝန်ပေးခဲ့သည်။ ဒေသဆိုင်ရာ တာဝန်ခံမှ လာမည့် စက်တင်ဘာလ ၁၅ ရက်နေ့ကို နောက်ဆုံးထားကာ ဒေသတွင်း အဖွဲ့အစည်းများနှင့် ဆွေးနွေးတိုင်ပင်ပြီး မိမိတို့ဒေသတွင်းပြုလုပ်လိုသည့် ရှေ့လုပ်ငန်းစဉ်များနှင့် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုများအပြင် ဒေသတွင်း အဖွဲ့အစည်းများမှ ပြုလုပ်သည့် လှုပ်ရှားမှုများတွင် IUSYကို ဖိတ်ကြားလိုသည့် ကိစ္စရပ်များအတွက်ပါ မူကြမ်းတွင် ထည့်သွင်းရေးဆွဲပြီး အတွင်းရေးမှူးအဖွဲ့သို့ တင်ပြရမည် ဖြစ်သည်။ ဒေသအလိုက် တာဝန်ခံမှ ပေးပို့လာသည့် လုပ်ငန်းစဉ်များကို လာမည့်နိုဝင်ဘာလတွင် ကျင်းပမည့် ဒုတိယ အကြိမ် IUSY သဘာပတိ အစည်းအဝေးတွင် ပြန်လည်ဆွေးနွေးကာ အတည်ပြုချမှတ် လုပ်ဆောင်သွားမည်ဖြစ်သည်။


Saturday, July 14, 2012

ACF နှင့် DPNS ယနေ့မြန်မာနိုင်ငံရေးအခြေအနေ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ဖိလစ်ပိုင်နိုင်ငံ Active Citizenship Foundation (ACF) တို့ ပူးတွဲပြုလုပ်သော Burma today and outlook future program ကို ဖိလစ်ပိုင်နိုင်ငံ Akbayanပါတီ လူ့ဘောင်သစ် လူငယ်၊ မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့် လူမှုတရားမျှတရေးဌာန (IPSJB)၊ ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ (YCOWA) တို့နှင့် ဇူလိုင်လ ၈ ရက်နှင့် ၉ ရက်နေ့များတွင် ပြုလုပ်ခဲ့ကြသည်။

 
ထိုဆွေးနွေးပွဲ၏ ပထမပိုင်းတွင် အဖွဲ့များအလိုက် လုပ်ငန်းစဉ်များ ရှင်းလင်းခြင်းကို ပြုလုပ်ခဲ့ကြသည်။ ထိုသို့ပြုလုပ်ရာတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းက ပါတီ၏သမိုင်းအကျဉ်း၊ လတ်တလော နိုင်ငံရေးအခြေအနေများအပေါ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ရပ်တည်ချက် လုပ်ငန်းစဉ်များအကျဉ်းကို တင်ပြဆွေးနွေးသည်။

Monday, July 9, 2012

ဇူလိုင် ၇ ရက် အရေးတော်ပုံ နှစ် ၅၀ ပြည့် အခမ်းအနား ကျင်းပ

ဇူလိုင် ၇ ရက် အရေးတော်ပုံ နှစ် ၅၀ ပြည့် အခမ်းအနားကို (၇- ၇- ၂၀၁၂) ရက်နေ့ မနက် ၉ နာရီခွဲမှစတင်ကာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ နိုင်ငံရေးသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

 

အခမ်းအနားတွင် ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးသွားသော ရဟန်း ပြည်သူ၊ ကျောင်းသား ရဲဘော်များအား အလေးပြုခြင်း၊ ဒီမိုကရေစီတိုက်ပွဲအတွက် ဆက်လက်တိုက်ပွဲဝင်ရန် အဓိဌာန်ပြုခြင်း၊ ၆၂ ခုနှစ် ဗကသများအဖွဲ့ချုပ်၏ အတွင်းရေးမှူးအဖွဲ့ဝင် ကိုလှရွှေ၏ မိန့်ခွန်းအား ဖတ်ကြားခြင်း၊ ၈၈ ဗကသများအဖွဲ့ချုပ်မှ ကိုတင်အေး၊ ကိုမင်းနိုင်တို့မှ ဇူလိုင် ၇ ရက်ဖြစ်စဉ်နှင့် ဇူလိုင် ၇ ရက်နောက်ပိုင်း ကျောင်းသားလှုပ်ရှားမှုများအား ရှင်းလင်းပြောကြားခြင်းနှင့် ကျောင်းသားတပ်မတော် ဥက္ကဋ္ဌ ကိုသံခဲမှ အမှတ်တရစကား ပြောကြားခြင်းများ ပြုလုပ်ခဲ့ကြသည်။

ဆဲဗင်းဇူလိုင် နှစ် ၅၀ပြည့် အခမ်းအနားတွင် လူ့ဘောင်သစ် လူငယ် မှ 7 July စာအုပ်ဖြန့်

၇. ၇. ၂၀၁၂ နေ့က ရန်ကုန်မြို့ရှိ ၈၈ မျိုးဆက်ကျောင်းသားများရုံးခန်းတွင် ကျင်းပပြုလုပ်သော ဆဲဗင်းဇူလိုင် နှစ် ၅၀ ပြည့် အောက်မေ့ဖွယ်အခမ်းအနားတွင် လူ့ဘောင်သစ် လူငယ် (Youth for a New Society – YNS) မှ ‘၁၉၆၂ ဇူလိုင် ၇ ရက် ကျောင်းသားအရေးတော်ပုံ’ စာအုပ်များကို အခမ်းအနား တက်ရောက်လာသော ကျောင်းသား၊ ပြည်သူများအား မျှဝေခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

Tuesday, June 26, 2012

ဦးအောင်မင်းနှင့် လူ့ဘောင်သစ် တွေ့၊ ပါတီ တရားဝင် ရပ်တည်ခွင့် ဆွေးနွေး

မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ပြည်ပအခြေစိုက် အဖွဲ့တခုဖြစ်သော လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ DPNS တို့ တနင်္လာနေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နှစ်နာရီခန့်ကြာ တွေ့ဆုံခဲ့ကြသည်။

မြန်မာနိုင်ငံအတွင်း တရားဝင် ပါတီအဖြစ် ရပ်တည်ခွင့်ပေးရန်၊ မတရားအသင်းအဖြစ်မှ ဖျက်သိမ်းပေးရန်နှင့် ပါတီဝင်များအား တဦးချင်း စွပ်စွဲထားချက်များကို ဖျက်သိမ်းပေးရန် ဆွေးနွေးခဲ့သည်ဟု DPNS ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောသည်။

“အဓိက အထဲမှာ နိုင်ငံရေးလုပ်ခွင့်ရှိအောင် ဆိုတဲ့အချက်ပဲ။ ကျနော်တို့ကို စွပ်စွဲထားတာတွေ ပယ်ဖျက်ပေးဖို့ အဓိက ထားပြီးတော့ ဆွေးနွေးခဲ့တယ်။ ကျနော်တို့ အဖွဲ့နဲ့ပတ်သက်လို့ ဥပဒေကို ဖျက်သိမ်းပေးဖို့ပါ” ဟု မဇ္ဈိမကို ပြောသည်။


Saturday, April 28, 2012

လူငယ်စွမ်းဆောင်မှု မြှင့်တင်ရန် လုပ်ဆောင်သွားမည့် SYCB ညီလာခံကျင်းပပြီးစီး


“ဒီနေ့ နိုင်ငံရေးအပြောင်းအလဲမှာ လူငယ်တွေရဲ့အခန်းကဏ္ဍလည်း ပါဝင်ဖို့လိုတယ်။ အထူးသဖြင့် တိုင်းရင်းသားလူမျိုးပေါင်းစုံ လူငယ်တွေရဲ့ အခန်းကဏ္ဍဖြစ်ပါတယ်။ တဖက်ကလည်း အဲဒီ လူငယ်တွေရဲ့ အတွေးအခေါ် အယူအဆ၊ စွမ်းဆောင်မှုတွေ မြှင့်တင်ဖို့လိုအပ်တယ်။ ဒါကို ဖြည့်ဆည်းနိုင်ရေး လုပ်ဆောင်သွားမယ်” ဟု မြန်မာနိုင်ငံ ကျောင်းသားလူငယ်များကွန်ဂရက်၏ တွဲဖက်အထွေထွေ အတွင်းရေးမှူး (၂) အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသူ မမေဇွန် မှ ပြောဆိုပါသည်။

မြန်မာနိုင်ငံကျောင်းသား လူငယ်များ ကွန်ဂရက်၏ သတ္တမ အကြိမ်မြောက်ညီလာခံလာခံကို ဧပြီလ ၁၉ ရက်မှ ၂၁ ရက်ထိ ထိုင်းမြန်မာနယ်စပ်တွင် ပြုလုပ်ခဲ့သည်။


Sunday, April 22, 2012

မြန်မာလူငယ်ကို ဆိုရှယ်လစ်လူငယ်အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ တာဝန်ပေးအပ်

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ လူငယ်ဥက္ကဋ္ဌ နော်မေဘယ်ထူးကို နိုင်ငံတကာ ဆိုရှယ်လစ် လူငယ်အဖွဲ့ချုပ် (IUSY) ညီလာခံက အာရှပစိဖိတ်ဒေသဆိုင်ရာတာဝန်ခံနဲ့ အဖွဲ့ချုပ်ရဲ့ ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ပေးအပ်လိုက်ပါတယ်။

တောင်အမေရိကတိုက်၊ ပါရာဂွေးနိုင်ငံမြို့တော် Asuncio’n အော်ဆွန်စီယမ်မှာ ဧပြီလ ၂၀ ရက်နေ့က စတင် ကျင်းပနေတဲ့ ဆိုရှယ်လစ်လူငယ် ညီလာခံကနေ အခုလို တာဝန်ပေး ခန့်အပ်ခဲ့တာဖြစ်ပြီး၊ ဒါဟာ မြန်မာလူငယ်တွေရဲ့ ဦးဆောင်မှု အရည်အချင်းနဲ့ပတ်သက်လို့ ကမ္ဘာက အသိအမှတ်ပြုမှုတခု ဖြစ်ပါတယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီဝင်တဦးဖြစ်တဲ့ ဦးဇော်ဇော်ထွန်းက အခုလို ပြောပါတယ်။


Wednesday, March 21, 2012

ရေဆန်လမ်းသို့ လှုံ့ဆော်စည်းရုံးကြခြင်း

  
မြန်မာနိုင်ငံ၌ မတရားဖမ်းဆီးခံကြရပြီး အကျဉ်းထောင်းအသီးသီး၌ ဆက်လက်အကျဉ်းကျခံနေကြရသော နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ၎င်းတို့၏ ထောင်တွင်းဘဝများ၊ နှိပ်စက်ညှဉ်းပမ်းခံရမှုများနှင့် လူသားဖြစ်မှု ဆုံးရှုံးခဲ့ကြရပုံများကို ဒါရိုက်တာ မစ္စ်ဂျင်နီ ရိုက်ကူးထားသော မှတ်တမ်းရုပ်ရှင်ပြသခြင်းနှင့်အတူ နိုင်ငံရေးအကျဉ်းသားများဖြစ်ကြသော ကိုဘိုကြည် (နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း - မြန်မာနိုင်ငံ) နှင့် နိုင်ငံရေးအကျဉ်းသူတဦးဖြစ်သူ မစန်းစန်မော် (NLD) တို့မှ ၎င်းတို့၏ ထောင်တွင်းဘဝနှင့် နိုင်ငံရေးအကျဉ်းသားများ၏ အခြေအနေများအား တင်ပြဆွေးနွေးခြင်း အစီအစဉ်ကို ‘ရေဆန်လမ်းသို့’ ဟူသော ခေါင်းစဉ်ဖြင့် ယခုလ မတ်လ ၁၆ ရက်နေ့ ၂၀၁၂ ခုနှစ် ညနေ ၆ နာရီတွင် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ပြည်နယ် စီရယ်တဲလ်မြို့၌ ကျင်းပခဲ့ပါသည်။

Monday, March 5, 2012

အော်ရီဂွန်ပြည်နယ်၌ နှီးနှောဖလှယ်ပွဲကျင်းပနိုင်ရန် ပြင်ဆင်

အော်ရီဂွန်ပြည်နယ်၌ရောက်ရှိနေကြသည့် ပြည်ထောင်စုမြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်သည့် နှီးနှောဖလှယ်ပွဲကြီးတရပ်ကျင်းပနိုင်ရေးအတွက် အော်ရီရွန်ပြည်နယ်သို့ ရောက်ရှိနေကြသော မြန်မာ့ဒီမိုကရေစီ အင်အားစုများ၊ တိုင်းရင်းသားအင်အားစုများ၊ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူများ၊ စိတ်ပါဝင်စားသူများပါဝင်သည့် ပဏာမညှိနှိုင်းပွဲတရပ်ကို အော်ရီဂွန်ပြည်နယ် ပေါ့တလန်းမြို့ရှိ ပြောင်းရွှေ့အခြေချနေထိုင်သူများအား အကူအညီပေးလျှက်ရှိနေသည့် လူသာရမ် ကွန်မြူနတီရုံး (Lutheran Community Services) 605 SE 39th- Ave, Portland- OR- 97214) ၌ မတ်လ ၃ ရက်နေ့ နေ့လည် ၂ နာရီမှ ၅ နာရီအထိ ကျင်းပပြုလုပ်ခဲ့ကြပါသည်။


Tuesday, February 28, 2012

IUSY ၏ အာရှပစ္စိဖိတ်ဒေသဆိုင်ရာ ညီလာခံသို့ လူ့ဘောင်သစ်လူငယ်အဖွဲ့ တက်ရောက်

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ဖေဖော်ဝါရီလ ၁၇ ရက်မှ ၁၉ ရက်ထိ ၃ ရက်ကြာပြုလုပ်သည့် IUSY ၏ အာရှပစ္စဖိတ်ဒေသဆိုင်ရာ အစည်းအဝေးသို့ လူ့ဘောင်သစ် လူငယ်အဖွဲ့ ဥက္ကဋ္ဌ နော်မေဘယ်လ်ထူး နှင့် တွဲဘက် အတွင်းရေးမှူး မနဒီဝင့်တို့ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ အစည်းအဝေးအတွင်းတွင် အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံရေး အခြေအနေများကို အစီရင်ခံ ဖလှယ်ခြင်း၊ IUSY ၏ ကမ္ဘာလုံးဆိုင်ရာလုပ်ငန်းစဉ်များနှင့် နိုင်ငံရေး မူဝါဒရေးရာ ကြေညာစာတမ်းကို ဆွေးနွေးတင်ပြခြင်းနှင့် လာမည့်ညီလာခံကျင်းပမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြခြင်းဖြစ်ပါသည်။


Friday, February 10, 2012

ဝန်ကြီး ဦးအောင်မင်းနှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတို့ တွေ့ဆုံဆွေးနွေး

၅- ၂- ၂၀၁၂ ရက်နေ့၌ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ဆွေးနွေးရာတွင် နှစ်ဖက်အကြား သဘောထား အမြင်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြသည်။

ဆွေးနွေးရာတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဘက်က ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တို့၏ ဆွေးနွေးမှုဖြစ်စဉ်ကို ဆက်လက်ဆောင်ရွက်ရန်၊ ထိုသို့ဆွေးနွေးရာတွင်လည်း အသွင်ကူးပြောင်းရေးဆိုင်ရာ လုပ်ငန်းစဉ်အား နှစ်ဦးနှစ်ဖက် သဘောတူညီသော အချိန်ဇယားတခု သတ်မှတ်ရန်လည်း အကြံပြုခဲ့သည်။