Showing posts with label သူတို့ အမြင်သဘောထား. Show all posts
Showing posts with label သူတို့ အမြင်သဘောထား. Show all posts

Wednesday, February 29, 2012

ခက်အောင်လုပ်နေကြရင် ပိုခက်ကုန်လိမ့်မယ် ... (ကိုယဉ်ထွန်း - လူ့ဘောင်သစ်)

ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းဆီသို့ ... ဆိုတဲ့ ခေါင်းစဉ်နဲ့ ၈၈ ကျောင်းသားတွေက လူထုကြားထဲ့ဆင်းနေကြတာ တွေ့ရတော့ အင်မတန်မှ အားတက်မိပါတယ်။ ကျနော်တို့လို အဝေးရောက်နေကြတဲ့ တက်ကြွလှုပ်ရှားသူတွေအနေနဲ့ ပိုလို့ စိတ်ဝင်စားစရာတွေ သူတို့လုပ်ပြနိုင်ကြတာ တွေ့ရတာပါပဲ။ လတ်တလောကာလမဟုတ်တဲ့ အရင်ကာလတွေကိုမပြောဘဲ မျက်မှောက်အခြေအနေကိုပဲဖြတ်ပြောရရင် ဒါဟာ ... လူ့အဖွဲ့အစည်းကို ပုံစံဟောင်းကနေ ခွဲထွက်စဉ်းစားလာကြတာ တနည်းအားဖြင့် လူ့ဘောင်အခြေအနေသစ်ကို ဖန်တီးနေတာ ဖြစ်ပါတယ်။ တည်ဆောက်နေတယ်ပြောရင် ပိုတိကျပါလိမ့်မယ်။ တနည်းအားဖြင့် အခြေခံကနေ စတင်ပြုပြင်ပြောင်းလဲတာလို့ပြောနိုင်ပါတယ်။ ဒီလိုလုပ်မှသာ ထင်သာမြင်သာရှိတဲ့ အပြောင်းအလဲတွေအတွက် တကယ်တွန်းအားဖြစ်စေမှာပါပဲ။

Monday, January 23, 2012

ဗကသများအဖွဲ့ချုပ် စတင်ပေါ်ပေါက်ကတည်းက ကိုင်စွဲလာခဲ့တဲ့ ဗကသရဲ့ မူ ၅ ချက်က ခေတ်နောက်ကျနေတယ်လို့တော့ မမြင်ဘူး

အခု ဒီည ဆွေးနွေးမယ့် အဓိကအကြောင်းအရာကတော့ လက်ရှိ ဒီပွင့်လင်းမှုအချို့ မြင်လာရတဲ့ မြန်မာ့နိုင်ငံရေး အခြေအနေအောက်မှာ ကျောင်းသားသမဂ္ဂရဲ့ လှုပ်ရှားမှုတွေကို ကျနော်တို့ ဆွေးနွေးမှာ ဖြစ်ပါတယ်။ 

အသင်းအပင်း သမဂ္ဂ လွတ်လပ်စွာဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ ရပ်တည်လှုပ်ရှားခွင့်ဆိုတာ ဒီမိုကရေစီစနစ်ရဲ့ စံနှုန်းစံထားတခု ဖြစ်ပါတယ်။ အဲဒီတော့ အခု ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်နေပြီဆိုတဲ့ အခြေအနေမှာ ဘာပဲပြောပြော တနေ့နေ့ တချိန်ချိန်မှာ ဒီ သမဂ္ဂတွေ တရားဝင် ရပ်တည်ခွင့် ရပ်တည်လှုပ်ရှားနိုင်တဲ့ အခြေအနေ ဝန်းကျင်တွေ ရှိလာရမှာ ဖြစ်ပါတယ်။ အဲဒီတော့ အခုလက်ရှိအခြေအနေနဲ့ ပတ်သက်ပြီးတော့ ကျောင်းသားသမဂ္ဂတွေ ဘယ်လောက်အထိ လှုပ်ရှားနိုင်မလဲ၊ ရပ်တည်နိုင်မလဲ၊ ကျောင်းသားအင်အားစုတွေရဲ့ သဘောထား ဘယ်လိုရှိလဲ၊ ဒါတွေကို ကျနော်တို့ ဆွေးနွေးမှာ ဖြစ်ပါတယ်။ အဓိက ပါဝင်ဆွေးနွေးပေးဖို့ ကျနော် နှစ်ဦးကို ဖိတ်ခေါ်ထားပါတယ်။ 

မကြာခင်က ပြန်လည်ဖွဲ့စည်းလိုက်တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေး ကော်မတီက ဥက္ကဋ္ဌ ကိုကျော်ကိုကို ရှိပါတယ်။ နောက်တဦးကတော့ ဒီ ဗဟိုစည်းရုံးရေးကော်မတီရဲ့ အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင် ရှိပါတယ်ခင်ဗျ။

Thursday, January 19, 2012

စကားစပ်မိလို့ပြောတာမျိုးက တရားမဝင်၊ အာမခံချက်ပေးနိုင်ဖို့ ဖန်တီးပေးဖို့လို


စကားစပ်မိလို့ပြောတာမျိုးက တရားမဝင်

“ပြည်တွင်းမှာတောင် နိုင်ငံရေးအကျဉ်းသားက တကယ်တမ်းတော့ မကုန်သေးဘူးလေ ကျွန်တော်ဖြစ်ချင်တာက ဒီလိုဗျ။ ဒါမျိုးက သမ္မတတစ်ယောက်ရဲ့ အမိန့်တရပ်ကို ထုတ်ပြန်ပြီးတော့ ကျကျနန ထုတ်ပြန်ပြဋ္ဌာန်းပေးစေချင်တယ်။ ခရီးသွားဟန်လွဲ စကားစပ်မိလို့ ပြောလိုက်တာမျိုးဆိုရင်တော့ တယ်ပြီးတော့ တရားမဝင်ဘူးလို့ ခံစားရတယ်။ နောက်ပြီးတော့ ရှင်းလင်းတဲ့ဖော်ပြမူလည်း မတွေ့ရဘူး။ နောက်ပြီး ကိုယ့်သဘောနဲ့ကိုယ် တစ်ဦချင်းကို ဒီလူတော့ ဝင်လိုရတယ်၊ ဒီလူတော့ ဝင်လို့မရဘူးလို့ ကျနော်တော့ ခံစားရတယ်။ နောက်ပြီးတော့ လုပ်စေချင်တယ်။ အားလုံး လာရမယ်ဆိုရင် လာနိုင်တဲ့အခွင့်အရေးမျိုး ဒီမှာရနေပြီဆိုရင်တောင်မှ သပ်သပ်မှတ်မှတ်နဲ့ အမိန့်ထုတ်ပြန်ပြီးတော့ ကိုယ့်မိသားစုဝင်တွေကို ကြိုဆိုတယ်ဆိုတာမျိုးကို ရှင်းရှင်းလင်းလင်း လုပ်စေချင်တယ်။ အဲဒါမှ သူတို့ပြန်လာတဲ့အခါမှာ ဂုဏ်သိက္ခာလည်း ရှိတယ်၊ ယုံကြည်စိတ်ချတယ်ဆိုတဲ့ ခံစားမှုမျိုးလည်း ရှိမှာပါ”

(ကိုမင်းကိုနိုင်)
(Myit Makha Mediagroup on 15 Jan, 2012)

Friday, January 13, 2012

ကိုမင်းကိုနိုင် ၁၃. ၁. ၂၀၁၂ နေ့တွင် ထောင်မှလွတ်မြောက်လာပြီးနောက် သရက်မြို့တွင်ပြောသော မိန့်ခွန်း

ကျနော်တို့ ၈၈ တုန်းက ဒေါင်းအလံတွေကိုင်ပြီးတော့ ကျနော်တို့အားလုံး ဒီမိုကရေစီရေးအတွက် အလုပ်လုပ်ခဲ့ကြသလို ဆက်ပြီးတော့လည်း အဲဒီ့ ဒေါင်းအလံခေါင်းစီးအောက်မှာ ဒေါင်းမာန်ဒေါင်းစိတ်မပျောက်ဘဲ ဆက်လက်ပြီးတော့ ဒေါင်းအိုးဝေ အသံကို ဆက်ပြီး တွန်ကျူးကြပါလို့ ပြောချင်ပါတယ်။

ကျနော်ဟာ ထောင်ထဲမှာ နှစ် ၂၀ လောက် နေခဲ့ရပါတယ်။ ဒါပေမယ့် ပြည်သူတွေအားလုံးရဲ့မေတ္တာကြောင့် အခုမြင်တဲ့အတိုင်းပဲ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ပြန်လွတ်လာတာဖြစ်ပါတယ်။ ပြည်သူတွေ လိုလားတောင်းတနေတဲ့ အားလုံးအတွက် ဘဝသစ်အတွက် ဒီမိုကရေစီရဖို့ ကျနော်တို့ ဆက်ပြီး အလုပ်လုပ်ပါဦးမယ်လို့ ပြည်သူတွေကို ကတိပြုပါတယ်။


Saturday, November 12, 2011

NLD မှတ်ပုံတင်ရေး မတင်ရေးကိစ္စနှင့် ပတ်သက်၍ တုံ့ပြန်ချက်များ

RFA - အခုတလောမှာ NLD ပါတီကနေ ပြီးတော့ မှတ်ပုံတင်ရေးမတင်ရေးကိစ္စကို လာမယ့် နိုဝင်ဘာ ၁၈ ရက်နေ့မှာ ဆုံးဖြတ်ဖို့ ရှိနေပါတယ်။ ပြည်တွင်းနိုင်ငံရေးသမား အများစုကတော့ NLD အနေနဲ့ မှတ်ပုံတင်သင့်တယ်လို့ သဘောထားပေးကြပြီး ပြည်ပအခြေစိုက် နိုင်ငံရေးသမားတွေကတော့ ဘယ်လိုသဘောထားရှိကြသလဲဆိုတာကို RFA အဖွဲ့သား ဦးဝင်းနိုင်က စုစည်းတင်ပြမှာပါ။

ဦးဝင်းနိုင် - ပါတီမှတ်ပုံတင်ခြင်း မတင်ခြင်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပါတီတွင်း ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်တဲ့အပြင် လာမယ့်နိုဝင်ဘာလ ၁၈ ရက်နေ့မှာလည်း ခေါင်းဆောင် အားလုံးပါဝင်ပြီး ဒီမိုကရေစီ နည်းလမ်းတကျ ဆုံးဖြတ်မှာဖြစ်တဲ့အတွက် ထောက်ခံကြောင်း သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့အခြေစိုက် မြန်မာ့ရေးရာရုံး Burma Office ဒါရိုက်တာ ဒေါက်တာမြင့်ချိုက ပြောပါတယ်။

ဒေါက်တာမြင့်ချို - ပါတီတရပ်ဟာ သူ့ရဲ့ပါတီ ရပ်တည်ရေးနဲ့ ပါတီရဲ့လုပ်ငန်းစဉ်တွေကို သူ့ပါတီရဲ့ အောက်ခြေထု အဖွဲ့တွေရဲ့အသံကို နားထောင်ပြီးတော့ ဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လို့ ကျနော် ခံယူပါတယ်။ ဒါကြောင့်မို့လို့ NLD ပါတီအနေနဲ့ မှတ်ပုံတင်ဖို့ ဆုံးဖြတ်တဲ့ကိစ္စမှာလည်းပဲ ပါတီဝင်ထုတွေရဲ့ သဘောထားတွေအပေါ်မှာ အခြေခံပြီးတော့ ဆုံးဖြတ်တယ်ဆိုရင်တော့ ဒီပါတီဟာ ဒီမိုကရေစီ နည်းကျကျလုပ်ကိုင်တဲ့ အတွက်ကြောင့် ဒါကို ကျနော်တို့ အနေနဲ့ ကြိုဆိုရမှာပေါ့နော်။


Tuesday, September 27, 2011

ကောင်းမွန်တဲ့အပြောင်းအလဲတွေ တကယ်ဖြစ်နေပြီလား

ဆယ်စုနှစ်များစွာ စစ်တပ်ကအုပ်ချုပ်ပြီးနောက်၊ နောက်ဆုံးတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးပြောင်းလဲမှု လက္ခဏာတွေ ရှိလာတယ်။ ဒါပေမယ့် ကာလတာရှည် ဒုက္ခရောက်နေကြတဲ့ပြည်သူတွေကတော့ တကယ့်လွတ်လပ်မှုနဲ့ အလှမ်းဝေးနေ သေးတယ်လို့ ဒီမိုကရေစီကာကွယ်သူ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်။

ပြင်သစ်သတင်းဌာနနဲ့ သီးသန့် မေးမြန်းခန်းမှာ၊ အစိုးရသစ်ဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် ဆန္ဒအစစ်အမှန် ရှိတာတွေ့ရတယ်လို့ နိုဘယ်ဆုရှင်က အေအက်ဖ်ပီကို ပြောပြတယ်။

“အပြောင်းအလဲတွေ ရှိလာတယ်၊ ဒါပေမယ့် ကျမတို့အားလုံး လွတ်လပ်သွားပြီ၊ ဒါမှမဟုတ် လုံးဝလွတ်လပ်သွားပြီလို့တော့ မထင်သေးပါဘူး။ သွားရမယ့်ခရီးကတော့ လုံးလုံးလျားလျား ရှိနေသေးတယ်။ ဒါပေမယ့် အပြုသဘောဆောင်တဲ့ တိုးတက်ဖြစ်ပေါ်မှုတွေရှိနေပြီလို့ ထင်ပါတယ်” လို့ အတိုက်အခံခေါင်းဆောင်က ရန်ကုန်ရှိ သူ့ပါတီရုံးခန်းမှာ ပြောပြပါတယ်။

“ကျမဟာ သတိရှိတဲ့ အကောင်းမြင်သမားတယောက်ပဲ ဖြစ်နေသေးတယ်လို့ အမြဲပြောပါတယ်။ သမ္မတက အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေလုပ်ချင်တယ်ဆိုတာ ကျမအနေနဲ့ တကယ် ယုံကြည်ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ ဒါတွေကို အောင်မြင်အောင် ဘယ်လောက်လုပ်နိုင်မလဲဆိုတာကတော့ ကျမတို့ မေးမြန်းဖို့လိုနေသေးတဲ့ မေးခွန်းပါ”

သံလက်သီး စစ်ဖက်အုပ်ချုပ်မှု၊ ရာစုနှစ်ဝက်နီးပါးကာလကြာပြီးတဲ့နောက် စစ်အစိုးရက သမ္မတ ဦးသိန်းစိန် အစိုးရသစ်ကို အာဏာလွှဲပေးခဲ့ပါတယ်။ ဦးသိန်းစိန်ကတော့ ယမန်နှစ်က ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ယူနီဖောင်း ချွတ်ခဲ့တဲ့ ဗိုလ်ချုပ်ဟောင်းတွေထဲက တဦးပါ။

Tuesday, August 23, 2011

ပြည်တော်ပြန်သင့် မပြန်သင့်

 
(ကိုအောင်မိုးဇော်၊ ပြည်ပအခြေစိုက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ)

အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ စထားတဲ့ နိုင်ငံရေးဆွေးနွေးပွဲကို တကယ်ပီပြင်ဖို့၊ နောက်ဆုံး စစ်မှန်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုတွေ ရှေ့ဆက်ဆွေးနွေးဖို့ လိုတယ်။ အောင်မြင်ဖို့ လိုတယ်။ ဒုတိယက တိုင်းရင်းသားတွေနဲ့ ဖြစ်နေတဲ့ စစ်ပွဲတွေနဲ့ပတ်သက်ပြီး အပစ်အခတ်ရပ်စဲပြီး တနိုင်ငံလုံး အတိုင်းအတာဆောင်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်ဖို့လိုတယ်။ တတိယ အချက်ကတော့ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့လို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တိုင်းပြည်ဒီမိုကရေစီအရေးအတွက် လုပ်နေရင်း အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ လိုတယ်။ ဒီလိုဆိုရင် တိုင်းပြည်အတွက် ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေးကို ခိုင်ခိုင်မာမာ ဦးတည်သွားပြီလို့ ပြောလို့်ရတယ်။ အဲဒီလို အခြေအနေမျိုးမှာဆို အပြင်က လူတွေကို ဖိတ်စရာတောင် မလိုပါဘူး။

 
(ကိုဇော်မင်း၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)

ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို မလွှတ်သေးဘဲ ပြည်ပမှာရှိနေတဲ့သူတွေ ပြန်လာပါဆိုတာ အဓိပ္ပာယ်မရှိဘူး၊ အရပ်ထဲမှာပြောသလို ပါးစပ်နဲ့လည်း ပြောမရဘူး၊ ပြန်စေချင်ရင် မြန်မာပြည်မှာရှိတဲ့ ပြဿနာတွေ ပြေလည်ပြီးမှ ဥပဒေကြောင်းအရ လွတ်ငြိမ်းချမ်းသာခွင့် အတိအကျ ထုတ်ရမယ်၊ ဒီမိုကရေစီ အရေးအတွက် လုပ်ဖော်ကိုင်ဘက်တွေက ထောင်ထဲမှာ၊ ကိုယ်ကတော့ အေးအေးဆေးဆေး ပြန်တယ် ဆိုတာ သဘာဝကို မကျဘူး။

ဧရာဝတီ သတင်းဌာနမှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။